Sunday, June 22, 2008

မေမေပြောတဲ့ ရှိ မကောင်း မရှိ မကောင်း

ဟိုတစ်နေ့က ၈၃ လမ်း ၃၀x အလွန်လောက်က အင်တာနက်ဆိုင်ကနေ မွေးမေမေ တစ်ယောက် ချစ်သမီးနဲ့ အင်တာနက်ဆိုတာကြီးမှာ လူကိုပါ မြင်ရတယ်ဆိုတာကို ကြည့်ချင်လွန်းလို့ မြန်မာ(မန္တလေးမှာ)ကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကေသီရဲ့ကောင်းမှုနဲ့ အတူ ရောက်လာခဲ့တယ်။ ဖုန်းနဲ့ပြောရတာ ငွေကုန်ကြေးကျများလွန်း အချိန်နည်းလွန်းတာကို သီးမခံနိုင်တော့ ချစ်မေမေလေ။ VZO ကနေ သမီးလုပ်သူမျက်နှာကို တွေ့လိုက်ပြီး မကြာဘူး မျက်ရည်တွေ သွင်သွင်စီးကျလာတယ်။ ဘာလို့မျက်ရည်ကျတာလဲ မေမေရယ် အရင်ကလည်း တစ်ခါကို ၂ ခါလောက် သမီးနဲ့ ဖုန်းထဲမှာစကားပြောနေခဲ့ရတာပဲလေ ဆိုတော့... အဲဒီတုန်းက မေမေက တက်ကြွနေတဲ့ သမီးလေးအသံ မအေကိုချွဲ့နွဲ့နေတာပဲ ကြားရတာလေ။ အခုကျတော့ ငါ့သမီးကို မေမေ့ ရှေ့ တည့်တည့်မှာ မြင်လိုက်ရတယ် နောက်ပြီး ငါ့သမီးလေး နိုင်ငံရပ်ခြားမှာ ဘယ်လောက်ပဲ အဆင်တွေပြေ မြန်မာထက် ဘာတွေကောင်းပါတယ်ပြောနေပြောနေ အစားသောက်မှန်ပါတယ် ဖေဖေ မေမေ လို့ပြောလည်း မေ့မေ့တို့အိမ်မှာထက် ငါ့သမီးမျက်နှာလေး ချောင်ကျသွားတာ မျက်လုံးလေးတွေ အရင်ထက်နဲနဲလေး ပိုပြီး ချိုင့်သွားတာတွေက ငြင်းလို့မရဘဲ မေ့မေ့မျက်စိရှေ့မှာ ဒီနေ့ မြင်လိုက်ရလို့လေ....တဲ့ နောက်တော့ အိမ်က စီးပွားရေးအကြောင်း၊ အမျိုးတွေအကြောင်း၊ နာရေးသာရေးတွေ သူငယ်ချင်းတွေ အကြောင်း... ပြောမဆုံးပဲ။ သားမိ ၂ ယောက် ၂ နာရီလောက်ပြောပြီး မေမေ ခေါင်းနဲနဲမူးလာသလိုလိုပဲ သမီးဆိုတာနဲ့ စိတ်ထဲမှာ ဆို့ နင့် သွားတဲ့စိတ်ကိုထိန်းပြီး မေမေ့ကိုနှုတ်ဆက်စကားတွေ ပြောဖို့ပြင်ရတယ်။ တစ်နာရီကို ၅၀၀၊ နှစ်နာရီလောက် ရှိပြီဆိုတော့ ၁၀၀၀ ပေးရမယ်... ၅၀၀၀ ဆိုလည်း ပေးမှာပဲ သမီးရယ် တဲ့။ ဒါဆိုရင်လေ မေမေ အိမ်မှာ ကွန်ပျူတာတစ်လုံးလောက် ဝယ်ပြီး အင်တာနက်လိုင်း ချိတ်လိုက်ပါလား သမီးနဲ့ ပြောချင်တဲ့အချိန် ပြောရတာပေါ့ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး မေမေရဲ့။ လို့အကြံပေးတော့ ဘာလုပ်မှာလဲ သမီးရယ် ဒီလိုလာပြောလိုက်ရင် အဆင်ပြေနေတာပဲ ဟာကို....တဲ့။ မေမေ့သမီးလေး မျက်နှာကို မြင်လိုက် ရပြီ။ အင်တာနက် အင်တာနက် အဆင်တော့ပြေပါတယ် သမီးရယ် အဲလိုကြီးမြင်ရတော့လည်း မေမေ မကြည့်ရက်ဘူး...........တဲ့ ။ ဟင်မေမေကလည်း ဘာဖြစ်လဲ...လို့ .... မသိဘူး သမီးလေးမျက်နှာကို အဝေး ရောက်နေတုန်း အဲလိုကြီးတွေ့နေရတော့ ရင်ထဲ မကောင်းလို့ ကွယ်......... ရှိမကောင်း မရှိမကောင်း ကြီးပါ သမီးရယ်.........တဲ့။

No comments: