Sunday, September 13, 2009

မှန်သောအမြင်

ခွဲခွာခဲ့ရတာကြာပြီဖြစ်တဲ့ အမိမြေကို အပြီးပြန်တော့မယ်ဆိုတော့ ရင်တွေခုန်သလိုလို၊ ပြင်ရဆင်ရထုတ်ပိုးရတာ စိတ်ကပဲ နေသားကျနေပြီဖြစ်တဲ့ အခန်းလေးနဲ့ဒီနိုင်ငံလေးကိုပဲ သံယောဇဉ်တွယ်နေသလိုလို (အမှန်က နောက်မှ သေချာသတိထားမိတာက အစစအရာရာ အဆင်ပြေနေတဲ့ ဒီနိုင်ငံမှာ သာယာမိန်းမောမိတာ ပါလားလို့....) ။ မသာယာပဲနေမလားနော် ။ ဝင်ငွေနဲ့ထွက်ငွေညီမျှ နေရတာအဆင်ပြေ အပိုငွေလည်းစုမိ၊ မိဘဆီလည်းငွေပို့နိုင် တာကိုး။ ရန်ကုန်လေဆိပ်ကြီးကို ဆိုက်တော့ ကိုယ့်မြန်မာပြည်ကြီးကပဲ ဟောင်းသွား သလိုလို။ အင်တာနက်အမြဲမသုံးနိုင်တော့တဲ့အတွက် စာတွေလည်းမဖတ်ဖြစ်တော့။ မဟုတ်ရင် ပျင်းပျင်းရှိတိုင်း ဘလော့တွေဖတ်၊ ဖိုရမ်တွေမှာလျှောက်လည်..နဲ့ ။ မြန်မာ(အစိုးရမကောင်းကြောင်း) နှိုင်းယှဉ်ရေးသားတဲ့ ဘလော့တွေ၊ သတင်းမီဒီယာဝဘ်ဆိုဒ်တွေ ဖတ်ရဖန်များလာတော့ ကိုယ်လည်း ရောယောင်ပြီး စိတ်က ဟွန်း ဟုတ်ပ၊ ငါတို့ဆီသာ ဒီလိုဖြစ်ရင် ဘယ်လောက်ကောင်းမလဲ၊ ဘာတွေကဖြင့်မကောင်းတာ၊ ဘယ်သူကြောင့် ဘာညာ ဆိုပြီး အကုသိုလ်တွေပွားခဲ့ရလိုက်တာ.... ဟော အခုကြည့်လေ အိမ်မှာ ဖေဖေမေမေ၊ ညီမလေး၊ မောင်လေးတွေနဲ့ ညည ထမင်းစားရင်း ဟိုကအကြောင်းတွေပြောပြ။ အိမ်ကပြောပြတာတွေနားထောင်နဲ့ စမ်းချောင်းမှာနေတော့ ညနေစောင်း ရွှေတိဂုံဘုရားကြီးကို သွားဦးခိုက်တာနဲ့ ရင်ကိုအေးချမ်းသွားတာပဲ။ ကြာလာတော့လည်း ဟိုအရင်က ထင်ခဲ့သမျှ စိုးရိမ်ပူပန်သောကတွေက ဘာမှကို မဟုတ်တော့တာပဲ။ မြန်မာ လူထုကတော့နေ့စဉ် အလုပ်တွေကြားမှာ ပျားပန်းခတ်သွားလာနေကြ၊ လိုင်းကားဂိတ်တွေမှာ စောင့်ကြ ၊ ကားစပယ်ယာ အော်သံတွေ နဲ့။ မြေနီကုန်းက အသစ်ဖြစ်တဲ့ စီးတီးမက်ခ်မှာ ဈေးဝယ်နေကြတာတွေ၊ ဒဂုံစင်တာကြီးမှာလည်း အရင်လို ဆေးလ်ပရိုးမိုးရှင်းတွေ ၊ ဖက်ရှင်တွေနဲ့ ........ တစ်ယောက်အပေါ် တစ်ယောက်ကူညီမှု ၊ နားလည်မှုတွေကတော့ ဘယ်တော့မှ မပျောက်စီးဆင်းနေတော့မယ့် အမိမြန်မာ။ ညည ပြန်ပြီး နှိုင်းယှဉ်မိတယ် အင်တာနက်ရတော့ဘာဖြစ်လဲ......... စာတွေဖတ်ဖြစ်တယ်။ တစ်ချို့သတင်းတွေက မကောင်းဘက်ကိုမြင်အောင် မရောက်ရောက်အောင်ဆွဲရေး ဖော်ပြထားတာတွေ၊ လူတစ်စုကိုမကြိုက်တာနဲ့ နိုင်ငံတစ်ခုလုံးပဲ ခြစားပျက်စီးနေသလိုလိုတွေ... ဒါတွေကို ဖတ်ခဲ့ရတုန်းက ရင်လေးခဲ့ရလိုက်တာ။ အခုအဲဒါတွေ မဖတ်ရလာလေလေ စိတ်အညစ်အကြေးသက်သာလေလေ ဖြစ်လာရပါတကားရယ်လို့.... ဂျပန်မှာ ကျောင်းတက်ပြီး ၁ နှစ်လောက်စောပြီး အိမ်ပြန်ရောက်သွားတဲ့ သူငယ်ချင်း နွေး ပြောခဲ့တာတွေ အခု ကိုယ်က တကယ်ခံစားနေရပြီပဲ။ ဟုတ်တော့လည်းဟုတ်ပါတယ်။ လူဆိုတာ သာယာတဲ့နေရာနေတာများလာတော့ မသာယာခဲ့တာကို သဘောမတွေ့တော့ဘူး။ ချမ်းချမ်းသာသာနေချင်တဲ့ လူ့သဘောသဘာဝတွေအရ တော ရွာကနေ မြို့တက်လာတဲ့သူက ငါ့ရွာမှာ ဘာလို့ ဒီလိုကားလမ်းတွေမရှိရတာလဲ ဆိုတဲ့အတွေး။ မြို့မှာ လျှပ်စစ်မီး အရောင်အဝါ သွားလာမှုအဆင်ပြေတာတွေကြောင့် ရွာကလူတွေပဲ အမှောင်ထဲမှာ မိုက်မဲစွာ ရွာကို ခင်တွယ်နေကြသူများ လို့ ကျွတ်တသပ်သပ် ဖြစ်မိသလိုမျိုး ခနတာတော့ ငါလည်း ဖြစ်မိသွားပါလားရယ်...လို့ ။ ဖေဖေမေမေမိသားစုအားလုံးကို ဟိုကိုအပြီးခေါ်ဖို့ ကြံစည်စိတ်ကူးမိပြီး မေ့မေ့ကို နားချဖြစ်ခဲ့တာကို အခုမှ အရမ်းရှက်ရွံမိတဲ့စိတ်နဲ့ ညည အိပ်ယာဝင်တိုင်း သမီးကြီးကို ခွင့်လွှတ်ပါ မေမေရယ်..............လို့။