Saturday, June 28, 2008

ဝေးမြေမှ နေ့ရက်များ

ဟော ဒီလိုနဲ့ သောကြာညနေရောက်လာပြန်ပြီ။ စဉ်းစားရပြီ မနက်ဖြန် စနေ နောက် တနင်္ဂနွေ ဘာတွေလုပ်စရာ ရှိလည်း အခန်းကိုအရင်ရှင်းရမလား။ အဝတ်တွေလည်း လျှော်ရဦးမယ်။ မြန်မာက သူငယ်ချင်းတွေများ အွန်လိုင်း တက်လာလေမလား အသိမိတ်ဆွေများ အွန်လိုင်းတက်လာမလား။ ဈေးဝယ်လည်းသွားဦးမှ။ ဖုန်းလေး ဘာလေး ဆက်ပြီး သူငယ်ချင်းတွေအဖော်ညှိ အပြင်ထွက်ရဦးမယ်။ မေးလ်စစ်ရဦးမယ်။ ဖော်ဝဒ်မက်ဆေ့ခ်ျလေးတွေ တစ်ချို့ကျ ဖတ်ပြီး ရယ်ရတယ်။ ဗဟုသုတရတာလည်း ရတယ်။ စိတ်ညစ်စရာကောင်း စိတ်ပျက်စရာကောင်းတဲ့ ဖော်ဝဒ်မက်ဆေ့ခ်ျ တွေကလည်း တစ်ပုံတစ်ပင်။ အေးဆေးနေပါမှ နိုင်ငံရေးလိုလို ဘာလိုလိုတွေလည်း ပို့လို့ပို့ ပြောရရင်တော့ အဲလိုတွေပို့နေမယ့်အစား လူလုံးပြပြီး စွမ်းစွမ်းတမံ ထွက်လုပ်သင့်တာပေါ့။ ဟုတ်ဘူးလား။ လုပ်မယ့်လုပ် ထိထိရောက်ထိရောက် ဆောင်ရွက်ကြပါလား။ စာတစ်တန် ပေတစ်တန်တွေ ပြောင်မြောက် လိုက်ကြတာများ ပြောတဲ့အတိုင်းဖြစ်လာလို့ကတော့ ရှေ့အနာဂတ်ကြီးက ပျော်စရာအတိထင်တာပဲနော်။ အခုလို အားလပ်ရပ်အကြိုနေ့ည လုပ်ဖြစ်တာကတော့ ဘလော့တော်တော်များများ ဖတ်တာလည်းဖတ်။ သတင်း ဝဘ်ဆိုဒ်တွေလည်း လိုက်ဖတ်။ မြန်မာသီချင်းတွေ ဒေါင်းလုပ်ချ။ မျက်မှန်လေးကြာရင်တော့ ပိုပိုထူလာမလား မသိဘူး။ အခုတလော အလုပ်အရမ်းများနေတာနဲ့ ဘလော့ထဲကိုမဝင်ဖြစ်ဘူး။ တော်သေးတယ် နောက်ထပ် ၂ ယောက်ကို ဖိတ်ခေါ်ထားလိုက်လို့ ဒီထဲမှာရေးပေးပါဆိုပြီး မမယဉ်မင်းကတော့ အရေးအသားလည်းကောင်း စိတ်ကူးလည်းကောင်းတယ်။ အိုင်ကတော့ တကယ်ကိုမအားတာပါ။ လာပါလိမ့်မယ် နောက် မြန်မာတစ်ယောက် စင်္ကာပူကတစ်ယောက် သူတို့ထိတွေ့နေတဲ့ ဝန်းကျင် သူတို့ စကားလုံးလေးတွေ ပွင့်ထွက်ခြွေချဖို့ ပြင်ဆင် နေကြပါတယ်။

By Admin

Sunday, June 22, 2008

မေမေပြောတဲ့ ရှိ မကောင်း မရှိ မကောင်း

ဟိုတစ်နေ့က ၈၃ လမ်း ၃၀x အလွန်လောက်က အင်တာနက်ဆိုင်ကနေ မွေးမေမေ တစ်ယောက် ချစ်သမီးနဲ့ အင်တာနက်ဆိုတာကြီးမှာ လူကိုပါ မြင်ရတယ်ဆိုတာကို ကြည့်ချင်လွန်းလို့ မြန်မာ(မန္တလေးမှာ)ကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကေသီရဲ့ကောင်းမှုနဲ့ အတူ ရောက်လာခဲ့တယ်။ ဖုန်းနဲ့ပြောရတာ ငွေကုန်ကြေးကျများလွန်း အချိန်နည်းလွန်းတာကို သီးမခံနိုင်တော့ ချစ်မေမေလေ။ VZO ကနေ သမီးလုပ်သူမျက်နှာကို တွေ့လိုက်ပြီး မကြာဘူး မျက်ရည်တွေ သွင်သွင်စီးကျလာတယ်။ ဘာလို့မျက်ရည်ကျတာလဲ မေမေရယ် အရင်ကလည်း တစ်ခါကို ၂ ခါလောက် သမီးနဲ့ ဖုန်းထဲမှာစကားပြောနေခဲ့ရတာပဲလေ ဆိုတော့... အဲဒီတုန်းက မေမေက တက်ကြွနေတဲ့ သမီးလေးအသံ မအေကိုချွဲ့နွဲ့နေတာပဲ ကြားရတာလေ။ အခုကျတော့ ငါ့သမီးကို မေမေ့ ရှေ့ တည့်တည့်မှာ မြင်လိုက်ရတယ် နောက်ပြီး ငါ့သမီးလေး နိုင်ငံရပ်ခြားမှာ ဘယ်လောက်ပဲ အဆင်တွေပြေ မြန်မာထက် ဘာတွေကောင်းပါတယ်ပြောနေပြောနေ အစားသောက်မှန်ပါတယ် ဖေဖေ မေမေ လို့ပြောလည်း မေ့မေ့တို့အိမ်မှာထက် ငါ့သမီးမျက်နှာလေး ချောင်ကျသွားတာ မျက်လုံးလေးတွေ အရင်ထက်နဲနဲလေး ပိုပြီး ချိုင့်သွားတာတွေက ငြင်းလို့မရဘဲ မေ့မေ့မျက်စိရှေ့မှာ ဒီနေ့ မြင်လိုက်ရလို့လေ....တဲ့ နောက်တော့ အိမ်က စီးပွားရေးအကြောင်း၊ အမျိုးတွေအကြောင်း၊ နာရေးသာရေးတွေ သူငယ်ချင်းတွေ အကြောင်း... ပြောမဆုံးပဲ။ သားမိ ၂ ယောက် ၂ နာရီလောက်ပြောပြီး မေမေ ခေါင်းနဲနဲမူးလာသလိုလိုပဲ သမီးဆိုတာနဲ့ စိတ်ထဲမှာ ဆို့ နင့် သွားတဲ့စိတ်ကိုထိန်းပြီး မေမေ့ကိုနှုတ်ဆက်စကားတွေ ပြောဖို့ပြင်ရတယ်။ တစ်နာရီကို ၅၀၀၊ နှစ်နာရီလောက် ရှိပြီဆိုတော့ ၁၀၀၀ ပေးရမယ်... ၅၀၀၀ ဆိုလည်း ပေးမှာပဲ သမီးရယ် တဲ့။ ဒါဆိုရင်လေ မေမေ အိမ်မှာ ကွန်ပျူတာတစ်လုံးလောက် ဝယ်ပြီး အင်တာနက်လိုင်း ချိတ်လိုက်ပါလား သမီးနဲ့ ပြောချင်တဲ့အချိန် ပြောရတာပေါ့ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး မေမေရဲ့။ လို့အကြံပေးတော့ ဘာလုပ်မှာလဲ သမီးရယ် ဒီလိုလာပြောလိုက်ရင် အဆင်ပြေနေတာပဲ ဟာကို....တဲ့။ မေမေ့သမီးလေး မျက်နှာကို မြင်လိုက် ရပြီ။ အင်တာနက် အင်တာနက် အဆင်တော့ပြေပါတယ် သမီးရယ် အဲလိုကြီးမြင်ရတော့လည်း မေမေ မကြည့်ရက်ဘူး...........တဲ့ ။ ဟင်မေမေကလည်း ဘာဖြစ်လဲ...လို့ .... မသိဘူး သမီးလေးမျက်နှာကို အဝေး ရောက်နေတုန်း အဲလိုကြီးတွေ့နေရတော့ ရင်ထဲ မကောင်းလို့ ကွယ်......... ရှိမကောင်း မရှိမကောင်း ကြီးပါ သမီးရယ်.........တဲ့။

Sunday, June 15, 2008

ပုံသေမှတ်ယူထားတတ်တဲ့ သူတစ်ချို့



ပျင်းပျင်းရှိတာနဲ့ တနင်္ဂနွေနေ့လည်တစ်ခုကို person.com ထဲဝင်ပြီး ချက်တင်တက်မိပါတယ်။ ဂျပန်မင်းသမီး လှလှလေးပုံနဲ့ အစားထိုးလိုက်တယ်။ ဟိုးအရင်ကတည်းက တင်ထားခဲ့တဲ့ ကျွန်မယဉ်မင်းအိရဲ့ ညိုတိုတိုဓါတ်ပုံ အသေးလေးကို ဖျက်ပစ်လိုက်တယ်။ မကြာဘူး ကော်ဖီတစ်ခွက်ထဖျော်ပြီး ကွန်ပျူတာရှေ့ပြန်ရောက်တော့ အားပါးပါး များလိုက်တဲ့ invite chat တွေ ၂၈ ယောက်တောင် ပြောကြဆိုကြနဲ့ အားလုံးက ကျွန်မတို့ တစ်မြေထဲ မွေးဖွား တစ်ရေထဲသောက်ခဲ့တဲ့ မြန်မာတွေပါပဲသူတို့က။ သူတို့နဲ့အလိုက်ထိုက်ပဲ ပျော်ပျော်ရွှင်ရွှင်ပြော။ နောက်တော့ တောင်းကြလွန်းသူတွေကို ဂျီမေးလ်အကောင့်တစ်ခုပေးလိုက်တယ်။ မင်း မိန်းကလေးမဖြစ်နိုင်ဘူး ပြောလာတယ်။ ရော် ခက်ပါလား။ ဘာကိုသိလိုက်လို့ အတတ်ပြောနိုင်ရတာလဲ ဆိုတော့ မသိဘူး သေချာတာ တစ်ခု ကတော့ fri...you are a guy....ပဲလုပ်နေတယ်။ ဒီကလည်း ငြင်းတာပေါ့ ဟုတ်မှ မဟုတ်တာကြီးကို။ အဲဒါနဲ့ Can I call you vic? ဆိုပြီး ဒီလောက်တောင်မယုံတာ ရက်စ်လို့လဲပြောလိုက်ရော အဲတော့ ချက်ချင်းကြီးကို ခေါ်တော့တာပဲ ဟဲလိုဟုတ်ကဲ့ ကြားရလားဆိုတော့ ကိုယ်တော်ချောက အသံမပြုဘူး တိုက်ပင်ပဲလွှတ်ပြန်တယ်။ စတန့်ထွင်တာလားမသိပေါ့။။။ ကဲ ယူ ယုံပြီလား ဆိုတော့ အင်း..တဲ့ ..ပြီးတာပဲ ဆိုပြီး ကောလ်ချလိုက်တာပေါ့ ယဉ်မင်း လည်း။ အဲဒါ ဟိုတစ်ယောက် သူ့ကို ကောလ်ချလို့တဲ့ သူကကျတော့ ဘာသံမှမပေးဘူး သူ့အသံကို လူမသိမခံနိုင်တာလားမသိ။ နောက်ဘော်ဒါတွေကလည်း U are too busy....very busy? chat chat chat နဲ့ အတင်းတွေကြည့်ပဲ တိုက်ပင်တွေ... ဒါနဲ့ခနနေတော့ ဟိုတစ်ယောက်က BF နဲ့ပြောနေတာလား တဲ့ ။ ဟာ ဘာလို့လဲ သိလှချေလား ယူက ဆိုတော့ သိတာပေါ့ မင်းအခု စင်္ကာပူကတက်နေတယ်ဆိုတာလည်း ငါသိတယ် တဲ့ အယ်....ကဲ မခက်ဘူးလား ရှင်ရယ်..သိတာတွေကများတယ်ဆိုပါမှ ထပ်ပြီးပြောတော့ တလွဲကြီး မိန်းကလေး အွန်လိုင်းတက်တာနဲ့ပဲ စင်္ကာပူ ပို့ထည့်လိုက်ပြီ။ မဟုတ်ရပါဘူး fri ရယ် ပေါ့။ ဒါဆို မင်း ဖုန်းနံပါတ် ပြောလိုက်လေ...တဲ့ အခုခေါ်မယ်တဲ့။ အိုကေ +81-xxxxxxxxx အခန်းဖုန်းရော လက်ကိုင်ဖုန်းပါ ရိုက်ထည့် ပေးလိုက်တယ်။ ယူ အခုခေါ်နော် လို့ တိုက်လိုက်တော့ ဟာ နံပါတ်ကလည်း ???တဲ့ အင်းလေ အဲဒါ ကျွန်မ ရှိနေ ကိုင်နေမယ့်ဖုန်းတွေပါရှင် လို့ သူငယ်ချင်း ရှင့်ဖုန်းလေး ပြောဦးဆိုတော့ +659xxxxxxx ပါတဲ့ အင်းပါ ဘာပဲဖြစ်ဖြစ် အခုခေါ်မယ်ဆိုခေါ်လို့ရပါပြီ ဆိုတော့ မင်းကဘယ်မှာလဲ fri ရ လို့မေးပါတယ်။ ဟုတ်ကဲ့ ဟော့ကိုင်းဒိုး ကျွန်းမှာပါ ရှင့် ။ အဲဒါ ဟင် ဒါဆို ဂျပန်ကြီးပေါ့ ဟုတ်လား။ အင်းလေ ။ ရှင်ပဲ သိနေတယ်ဆို ဘယ်ကချက်နေတယ်ဆိုတာ......___-------____-------_____ *L* ---- *^* ___


Thursday, June 12, 2008

ပရိတ်သတ်ပေးသော အားဆေးများ

အိုင်....လေ ဟိုဘလော့ကိုဝင်ဒီဘလော့ဖတ်နဲ့ တစ်အိမ်ဝင်တစ်ထွက်ပြီး ဘလော့လောကကို ပတ်နေတာ တော်တော်ကိုကြာပြီ။ အချိန်ပေး၊ မျက်လုံးအားစိုက်မှု၊ ဦးဏှောက်ပူအောင်တွေး၊ အနည်းဆုံးတော့ ခင်မင် သိကျွမ်းရင်းနီးသက်ဝင် ဘော်ဒါဘော်ကာတွေနဲ့ အလာပသလ္လာပ ချက်တင်ချိန်လေးတွေထဲက အပါခံပြီး ဝါသနာ အနုပညာရသထဲမှာနစ်မြှုပ်ပြီး ရေးကြဆွေးကြနွေးကြ သတ်ကြပုတ်ကြတိုက်ခိုက်ကြ ကျေကွဲနာကျင် လွမ်းပြ ဆွေးပြချစ်ပြ အလုံးစုံသော ဘလော့ဂါတွေအားလုံးကို လေးမြတ်စွာအသိမှတ်ပြုပါ၏ လို့ ဒီနေရာလေး ကနေအရင်ဆုံးပြောလိုက်ပါရစေ။ ဘလော့ဂါတွေက ဘောလုံးကွင်းထဲမှာ ကြိုးစားပန်းစား အားထုတ်လုံ့လပြု နေတဲ့ ဘောလုံးသမားတွေလို့ မြင်လိုက်ပါတယ်။ ဒီလိုဆို ဘလော့ဂါတွေကိုပဲ ချီးမွမ်းရာရောက်သွားလိမ့်မယ်။ မတရားဘူးဖြစ်မယ်ပေါ့။ မဟုတ်ဘူး ကျန်သေးတယ် အဲဒီဘောလုံးသမားတွေ စွမ်းစွမ်းတမံ တစ်ဖတ်နဲ့တစ်ဖတ် အကျိတ်အနယ် ယှဉ်ပြိုင်ဖို့ ဘေးကနေ အင်တိုက်အားတိုက်အားပေးနေတဲ့ ပရိတ်သာ မရှိရင် ကန်မောကြီးဖြစ်ရ ပါလိမ့်မယ်။ ဒီတော့ ဘလော့တွေဝင်ဖတ်ပြီး စီဘောက်စ်တွေမှာ စကားချန်ထားကြတဲ့ သူတွေက အားပေး အားပြုနေတဲ့ ပွဲကြည့်ပရိတ်သတ်ထုကြီးပေါ့။ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ နေတာကလား။

ပရိတ်သတ်ဆိုတာအားပေးမှုတရားမျှတရမယ်။ လူတန်းစားမခွဲခြားရဘူး ရယ်လို့ ရှိထားပါတယ်။ ဒီနေ့ အနှီ ဘလော့လောကမှာ တရားမျှတမှုရှိပါသလား။ မရှိဘူးလားဆိုတာ အဖြူတွေ အနီတွေ အဝါတွေ မခွဲ ပုဂ္ဂိုလ်မစွဲ ဝါဒီမစွဲဘဲ သရုပ်ခွဲကြည့်ကြပါစို့လား။ ရိုးရိုးလေး ချရေးကြည့်လိုက်ပါ။ စာရွက်လေးတစ်ရွက်ပေါ်မှာ။ ဘာသာတရား၊ မေတ္တာတရား။ မိဘကျေးဇူးတရား။ သစ္စာတရား။ ချစ်ခြင်း။ လွမ်းခြင်း။ နှလုံးသားခံစားမှု နုနု လေးများကိုဖော်ကျူးသော ဘလော့များ။ သုတအစုံကိုပေးစွမ်းသော။ နည်းပညာမျှဝေအပ်သော။ အနီရောင်၏ ရဲရင့်ခြင်းကိုနဲ့ ခွပ်ဒေါင်းကိုစွဲလို့ ဒီမိုကရေစီရရှိရေး စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရဲဘော်များရဲ့ဘလော့များ။ ဒီနေ့ တပ်မတော်အစိုးရဘက်မှရပ်တည်၍ ရေးသားအပ်သော ဘလော့များ။ ဟိုမရောက်ဒီမရောက် ကြားကနေ မြှောက်ထိုးပင့်ကော် အလှော်ဘလော့လေးများ။ ချရေးလိုက်ပါလား။ ခေါင်းစဉ်လေးတွေအောက်မှာအသီးသီး။ ဘယ်ဟာကအများဆုံးဖြစ်ပါမလဲ။ အများဆုံးဟုဆိုအပ်သောတို့၏ စီဘောက်စ်နဲ့ ကွန်မန့်နေရာများတွင် အဆဲ အဆိုနဲ့ ချီးမွမ်းမှု ဘယ်ဟာကပိုများနေပါသလဲ။ ဒီလိုပဲ ဘယ်လိုဘလော့တွေထဲမှာ ယုတ်ရင်းကြမ်းတမ်းသော မိဘနှမသားချင်း မကြားဝံ့မနာသာထောပနာတွေ အများဆုံးပါဝင်နေပါသလဲ.........အဲဒီအားပေးမှုတွေကို ရေးသားအားပေးတာက ပရိတ်သတ်ထုပေပဲ မဟုတ်ပါလား။ ရိုးရိုးလေးပဲတွေးကြည့်ကြရအောင်ပါနော်။

Monday, June 9, 2008

ဝါးလုံးရှည်ဖြင့်သိမ်းရမ်းခြင်းများ

လူတွေမတရားဘူး ဝါးလုံးရှည်နဲ့သိမ်းသိမ်းရမ်းကြတယ်။ စင်္ကာပူက ကောင်မလေးးတွေ ပီအာကောင်လေးတွေနဲ့ ခင်ရမင်ရ ဆိုင်မှာအတူတူထိုင်ပြီး အဲဒီ ပီအာ ကောင်လေးက အခွင့်အရေးပေးတာကို ကြေနပ်ပြီး သူက အဖော် မိန်းကလေးတွေထက် ပို မြောက်နေတတ်သတဲ့။ ယောက်ျားလေးအဆောင်ကိုသွားလယ်တတ်ကြသတဲ့။ စနေ တနင်္ဂနွေ ရည်းစားနဲ့ လွတ်လပ်စွာ ဘယ်သူ့မှဂရုစိုက်စရာမလို သွားချင်ရာကို လွတ်လွတ်လပ်လပ်လျှောက်ပြီး သွားရောက်လည်ပတ်ကြသတဲ့။ မြန်မာကအဖေအမေတွေကတော့ ငါ့သမီးလေး တော်လိုက်တာ နိုင်ငံခြားမှာ စီးပွားရှာ။ ပညာတွေရှာသတဲ့။ စင်္ကာပူဆိုတာနဲ့ အဲဒီအကြောင်းတွေနဲ့ ပေါင်းမြင်ပစ်လိုက်ကြတာပဲ။ မလေးရှားက မြန်မာယောက်ျားလေးတွေ အွန်လိုင်းမှာဖြစ်ဖြစ်၊ ဖုန်းပြောတာဖြစ်ဖြစ် ၊ မလေးမှာပဲတွေ့လို့ဖြစ်ဖြစ် စကား ပြောတာဆိုတာ ရိုင်းသတဲ့ မလေး ကပါ ဆိုလိုက်တာနဲ့ မလေးကပြန်လာတဆိုလိုက်တာနဲ့ ရိုင်းတယ်လို့ သိသိ မသိသိထင်ပစ်လိုက်တော့တာပဲ။ အဲဒါကောင်းလားပြောပါဦး။ ဆံပင်ရှည်ရှည်ကောင်လေးတွေ ဆေးကြောင်ပြီး တစ်နေရာမှာ တစ်ခါလား ရိုက်မှုပုတ်မှုဖြစ်လိုက်ပါတယ် နောက်ဆို ဆံပင်ရှည်ထားတဲ့ကောင်လေးတိုင်းကို မိုက်ရူးရဲဆံတယ် ဂါဝရတရားမရှိဘူးဆိုပြီး ပေါင်းချပစ်လိုက်တော့တာပဲ။ ဟောအခုလည်း စိမ်းစိမ်းမြင် စစ်သား တစ်ယောက်မှမကောင်းဘူးဆိုပြီး အကုန်မုန်းနေကြတော့တာပဲ။ အမေတစ်ခုသားတစ်ခုကောင်လေး သူ့ ဝါသနာအရ အမေလုပ်သူအနားကခွာ ၁၀ တန်းအမှတ်ကောင်းကောင်းနဲ့အောင်တာအောင် ပြင်ဦးလွင်ကိုထွက် စစ်ကျောင်းကြီးကိုတက်သတဲ့။ အခုတော့ အဲဒီကောင်လေးအခုစစ်ဗိုလ်ဖြစ်သွားတော့ သူလည်း မကောင်းဘူး လုပ်တော့တာပဲ။ အဲလိုတွေကြည့် အသိုင်းဝန်းတစ်ခုထဲက အနည်းစုဖြစ်ပျက်နေတာကိုကြည့်ပြီး တယူသန် တစ်ဖက်သက် ဆွဲယူသတ်မှတ်ပစ်လိုက်ကြတာ လူတွေ လူတွေ တရားသလားပြော..............................

ခရေပန်း

*******
**************
အညိုမှာ အဖြူသက်
***တလှပ်လှပ်နဲ့***
ပွင့်ဖတ်လေးတွေစီ
**ပင်ယံထက်ဝင့်**
***အမြင့်မှာစံ***
သဏ္ဍန်ကသေးသေး
မွှေးပျံ့ပျံ့ရနံ့သင်း
အဆင်းလှမခန့်ညား
မြေခလို့ကြွေသွားတာတောင်
ဘုရားပန်းကပ်
လှကညာဆံနွယ်ထက်မှာ
သူငါလုယက်ပန်ဆင်
***ဘဝင်ငယ်မရှိ***
ဘယ်သူသိနိုင်ပါ့မလဲ
****သြော်..***
နေဝင်ချိန်ရောက်
ငြှိုးငယ်ခြောက်တော့
**စွန့်ပစ်ခြွေချ**
အနေမလှတော့လည်း
ခရေပန်းကတော့
သင်းပျံ့နေဆဲပါကွယ်...
**********
**********
**********

ဘာရေးရမှန်းမသိသေးလို့

ရေးကြည့်ဦးမယ် သူများတွေဘလော့လေးတွေလုပ် ကိုယ်ပြောချင်တာဆိုချင်တာ ခံစားရတာလေးတွေ တွေ့မြင် ကြားသိရတာလေးတွေ ရုပ်သံကဖြစ်ဖြစ် အင်တာနက်ကဖြစ်ဖြစ် မေးလ်ထဲ ဖော်ဝဒ်မက်ဆေ့ခ်ျကဖြစ်ဖြစ် ဖုန်းသတင်းဖြစ်ဖြစ် xxxxxxxxxx ဖြစ်ဖြစ် တင်ပြဖော်ကျူး ညွှန်းဆို သီကုံးကြ လွတ်လပ်စွာ ဖောက်ခွဲကြတာများ ကောင်းလိုက်တာ တော်လိုက်ကြတာ ရယ်ရတယ်တော့၊ မိုက်သဗျ၊ ဖိုက်တယ်ဟေ့၊ ချကုန်ပဟ၊ ငြင်းကြခုန်ကြ ကွန်ပျူတာအချင်းအချင်း လက်ဝှေ့သက်ခိုင်းရင်တောင် ရလောက်တယ်ထင်ပါ့။ နောက်တော့ မထူးပါဘူး ဆိုပြီး သူငယ်ချင်းကိုမေး အသိကိုမေး အစ်ကိုတွေ မောင်တွေ ညီမအစ်မတွေမေးပြီး ဒီဘလော့လေးကို ထုတ်လုပ် လိုက်ပြီ ကဲ မြန်မာဖောင့်တွေ မြင်ရလား မမြင်ရလားမသိ။ ဟိဟိ သွပ်ပြားတော့ အိပ်လိုက်ဦးမှပဲ။ နေဦးနော် ဘယ်သူမှ လာကြသေးနဲ့ဦး ဆိုမှ စီဘောက်စ် ဆိုလား စီဗုံး ဆိုလား လျှောက်လုပ်နေတုန်းရှိသေး တစ်ယောက် ဘယ်ကနေ ဘယ်လိုသိလိုက်တာလဲ မသိ။ အော်သွားပါလေရောလား။ အလဲ့လဲ့ ဒုက္ခနပဲနော် ရေးမလို့ကုန်ကြမ်း ရှာတုန်းဟာကို သူကလည်းလေ ကြည့် discount ပေးမယ့် plaza တောင်ဖွင့်ပွဲမလုပ်ရသေးဘူး တန်းလည်း မစီ အပြင်ကလည်းမစောင့်နဲ့ အထဲရောက်လာချတာတယ်နော်........... ဘာပဲဖြစ်ဖြစ် ယူ့ကို ဒို့မှတ်ထားလိုက်ပြီ ။