Thursday, June 12, 2008

ပရိတ်သတ်ပေးသော အားဆေးများ

အိုင်....လေ ဟိုဘလော့ကိုဝင်ဒီဘလော့ဖတ်နဲ့ တစ်အိမ်ဝင်တစ်ထွက်ပြီး ဘလော့လောကကို ပတ်နေတာ တော်တော်ကိုကြာပြီ။ အချိန်ပေး၊ မျက်လုံးအားစိုက်မှု၊ ဦးဏှောက်ပူအောင်တွေး၊ အနည်းဆုံးတော့ ခင်မင် သိကျွမ်းရင်းနီးသက်ဝင် ဘော်ဒါဘော်ကာတွေနဲ့ အလာပသလ္လာပ ချက်တင်ချိန်လေးတွေထဲက အပါခံပြီး ဝါသနာ အနုပညာရသထဲမှာနစ်မြှုပ်ပြီး ရေးကြဆွေးကြနွေးကြ သတ်ကြပုတ်ကြတိုက်ခိုက်ကြ ကျေကွဲနာကျင် လွမ်းပြ ဆွေးပြချစ်ပြ အလုံးစုံသော ဘလော့ဂါတွေအားလုံးကို လေးမြတ်စွာအသိမှတ်ပြုပါ၏ လို့ ဒီနေရာလေး ကနေအရင်ဆုံးပြောလိုက်ပါရစေ။ ဘလော့ဂါတွေက ဘောလုံးကွင်းထဲမှာ ကြိုးစားပန်းစား အားထုတ်လုံ့လပြု နေတဲ့ ဘောလုံးသမားတွေလို့ မြင်လိုက်ပါတယ်။ ဒီလိုဆို ဘလော့ဂါတွေကိုပဲ ချီးမွမ်းရာရောက်သွားလိမ့်မယ်။ မတရားဘူးဖြစ်မယ်ပေါ့။ မဟုတ်ဘူး ကျန်သေးတယ် အဲဒီဘောလုံးသမားတွေ စွမ်းစွမ်းတမံ တစ်ဖတ်နဲ့တစ်ဖတ် အကျိတ်အနယ် ယှဉ်ပြိုင်ဖို့ ဘေးကနေ အင်တိုက်အားတိုက်အားပေးနေတဲ့ ပရိတ်သာ မရှိရင် ကန်မောကြီးဖြစ်ရ ပါလိမ့်မယ်။ ဒီတော့ ဘလော့တွေဝင်ဖတ်ပြီး စီဘောက်စ်တွေမှာ စကားချန်ထားကြတဲ့ သူတွေက အားပေး အားပြုနေတဲ့ ပွဲကြည့်ပရိတ်သတ်ထုကြီးပေါ့။ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ နေတာကလား။

ပရိတ်သတ်ဆိုတာအားပေးမှုတရားမျှတရမယ်။ လူတန်းစားမခွဲခြားရဘူး ရယ်လို့ ရှိထားပါတယ်။ ဒီနေ့ အနှီ ဘလော့လောကမှာ တရားမျှတမှုရှိပါသလား။ မရှိဘူးလားဆိုတာ အဖြူတွေ အနီတွေ အဝါတွေ မခွဲ ပုဂ္ဂိုလ်မစွဲ ဝါဒီမစွဲဘဲ သရုပ်ခွဲကြည့်ကြပါစို့လား။ ရိုးရိုးလေး ချရေးကြည့်လိုက်ပါ။ စာရွက်လေးတစ်ရွက်ပေါ်မှာ။ ဘာသာတရား၊ မေတ္တာတရား။ မိဘကျေးဇူးတရား။ သစ္စာတရား။ ချစ်ခြင်း။ လွမ်းခြင်း။ နှလုံးသားခံစားမှု နုနု လေးများကိုဖော်ကျူးသော ဘလော့များ။ သုတအစုံကိုပေးစွမ်းသော။ နည်းပညာမျှဝေအပ်သော။ အနီရောင်၏ ရဲရင့်ခြင်းကိုနဲ့ ခွပ်ဒေါင်းကိုစွဲလို့ ဒီမိုကရေစီရရှိရေး စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရဲဘော်များရဲ့ဘလော့များ။ ဒီနေ့ တပ်မတော်အစိုးရဘက်မှရပ်တည်၍ ရေးသားအပ်သော ဘလော့များ။ ဟိုမရောက်ဒီမရောက် ကြားကနေ မြှောက်ထိုးပင့်ကော် အလှော်ဘလော့လေးများ။ ချရေးလိုက်ပါလား။ ခေါင်းစဉ်လေးတွေအောက်မှာအသီးသီး။ ဘယ်ဟာကအများဆုံးဖြစ်ပါမလဲ။ အများဆုံးဟုဆိုအပ်သောတို့၏ စီဘောက်စ်နဲ့ ကွန်မန့်နေရာများတွင် အဆဲ အဆိုနဲ့ ချီးမွမ်းမှု ဘယ်ဟာကပိုများနေပါသလဲ။ ဒီလိုပဲ ဘယ်လိုဘလော့တွေထဲမှာ ယုတ်ရင်းကြမ်းတမ်းသော မိဘနှမသားချင်း မကြားဝံ့မနာသာထောပနာတွေ အများဆုံးပါဝင်နေပါသလဲ.........အဲဒီအားပေးမှုတွေကို ရေးသားအားပေးတာက ပရိတ်သတ်ထုပေပဲ မဟုတ်ပါလား။ ရိုးရိုးလေးပဲတွေးကြည့်ကြရအောင်ပါနော်။

No comments: