Saturday, July 12, 2008

အင်တာနက်တလွှားက ကျွက်စိကျွက်စိလေးများ

အင်တာနက်စာမျက်နှာ သတင်းဝဘ်ဆိုဒ်တွေ ဘလော့တွေ သွားလာဝင်ထွက် ဖတ်လိုက် ကြည့်လိုက်နဲ့ အချိန် တော်တော်ပေးမိတယ်။ စိတ်ပျက်စရာ သတင်းတွေပဲ အသားပေးရေးနေကြတယ်။ တစ်ဖက်ကလည်း ဒီလိုပဲ ဘလော့လောကထဲမှာ နအဖကို မကောင်းပါလို့ စိုးစိမျှမထည့်မိတဲ့ ဘလော့တွေနဲ့ နအဖ ဘက်တော်သားလို့ အထင်အမြင်လေးနဲ့တင် အဲဒီဘလော့တွေရဲ့ စီဘောက်စ်တွေထဲမှာ မအေနှမ ကြားလို့မတော် ဖတ်လို့မှ မမြင်ဝံ့ ညစ်ညမ်းအောင် ဆဲရေးတိုင်းထွာထားလိုက်ကြ သတ္တိတွေပြောင်မြောက်ထားလိုက်ကြတာများနော် တစ်ခြား နိုင်ငံသားတစ်ယောက်မှ မပါ အားလုံး ဗမာစာလုံး ရိုက်လို့ ဘားဂလိရှ်ရိုက်လို့ မြန်မာလို ဆဲဆို ကောင်းချီးပေး ထားလိုက်ကြတာများ။ ဒါတွေလား လွတ်လပ်စွာပြောဆိုခွင့် ထုတ်ဖော်ခွင့်ဆိုတာ။ ကြည့်မိတယ် နအဖကို မကောင်းပြောဖို့ သပ်သပ်လုပ်ထားတဲ့ ဘလော့တွေ ၊ နိုင်ငံရေးဘလော့တွေ ၊ အတင်းတုတ်ဘလော့တွေ တော်လှန်ရေးဘလော့တွေ (သနားဖို့ကောင်းလေစွ၊ လွတ်လပ်ရေးမရရှာဘူးနော်သူတို့ခဗျာ)၊ အဲဒီဘလော့တွေ များစွာရဲ့ စီဘောက်စ်မှာ ဘယ်မလဲ အဆဲခံရတဲ့ ဘလော့ဂါတွေ အဲဒီဘလော့တွေကို အားပေးနေသူတွေ၊ နအဖဘက်တော်သားတွေ များရဲ့ နင်ပဲငဆ ဆဲထားတဲ့စကားလုံးတွေ ရှိခဲ့ရင်တောင် ပမာဏချင်းချ ယှဉ်လိုက် မယ်ဆိုရင် ဘယ်ဟာက ပိုနေမလဲ----? ရေးတာ အလွန်ဖြစ်နေမယ်ဆိုရင် စာဖတ်သူတို့ ကိုယ်တိုင် ဘလော့ ၁ ခုစီပဲ ယှဉ်ပြီး ဝင်ကြည့် စီဘောက်စ်ကို ဖတ်ကြည့်နိုင်ပါတယ်။ စာရေးသူ ပြောတာ ဟုတ်မဟုတ်ဆိုတာ။ အတင်းတွေတုတ် မဟုတ်တန်းတရားတွေရေးပြီး ခရီးရောက်မယ်လို့ ထင်ပါသလား။ ရောက်မယ်ဆိုရင်တော့ လုပ်ပါ။ ဒါပေမယ့် မြန်မာလူမျိုးသိက္ခာကို ချဖို့တော့ မကြိုးစားကြပါနဲ့။ ပြည်တွင်းက မြန်မာတွေ ဘာဖြစ်နေ ညာလုပ်နေကြလဲ ဟိုလိုလုပ်ပါတော့လား ဒီလိုလုပ်ပါတော့လား မအော်နေကြပါနဲ့လား။ တကယ်တမ်း ပြည်တွင်းမှာနေရသူက သူကျင်လည်ရတဲ့ အသိုင်းအဝန်းမှာ နေ့စဉ်လည်ပတ်မှုတွေနဲ့ ကိုယ့်စာကိုရေး ကိုယ့်တေးကိုဆိုနေကြတာပါ။ အခုလည်း တော်လှန်ရေးရဲ့ ပဲ့တင်သံ ဆိုပြီး လုပ်ပြန်ပြီ။ ဒဂုံစင်တာနဲ့ ပုဇွန်တောင် ဗုံးကွဲတော့ ဘယ်သူတွေပဲ ထိခိုက် သေကြေရ နယ်ဝေးက မိဘတွေ သားလေး သမီးလေးကို အလောင်းပဲ မြင်လိုက်ရတာတွေရှိခဲ့ရတယ်။ သူတို့ Target ထားတာက ပြည်သူကိုလား ဟင်----? အစိုးရ ဘာဖြစ်သွားတုန်း ဘာဖြစ်----? ဘာမှမဖြစ်... လက်တလော ကြံ့ဖွံ့ရုံး ဗုံးခွဲခဲ့တဲ့ ဖြစ်ရပ် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကွဲကြည့်ပါလား ရုံးက လူက အရပ်သားပြည်သူတွေ ဘေးဝန်းကျင်ကပြည်သူတွေပဲ အတိဒုက္ခ ရောက်ကြ ရဦးမယ်။ တကယ်တော်လှန်ရေး လုပ်တာလား သေနက်တွေကိုင် ဝင်တိုက်ပစ်လိုက်လေ ထိပ်တိုက်ချ တိုက်ကြ ခိုက်ကြ ပစ်ကြခတ်ကြလေ ဒီလောက် တော်လှန်ချင်ရင် နအဖ စစ်တပ်တွေနဲ့။ ဘယ်မှာသွား တော်လှန်နေကြ တာလဲ။ ဘလော့ပေါ်မှာတော့ တော်လှန်ရေးရဲ့ ဘာဖြစ်သံ ညာဖြစ်သံ ------- တဲ့။ တကယ်တော့ ဘလော့ လောကနယ်ပယ်မှာ တရားမျှတမှု မရှိပါဘူး။ လုံးဝမှ လုံးဝကို မရှိပါ။ ဘာကိုဆိုလိုလဲ စာဖတ်သူ ဘလော့တွေ တော်တော်များများကို ရောက်ဖြစ်ရင် ဘာကိုဆိုလိုတယ် သဘောပေါက်မယ် ထင်မိပါသည်။ ကောလဟာလ ကောလဟာလ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကောက်ရိုးမီးလိုပဲ ဝန်းကနဲတော့ ပျံ့သွားတာပဲ။ မှန်တာ မှားတာ နောက်မှ အရင်သိရတဲ့ သတင်းက အတည်လိုကြီး ဖတ်မိ သိမိ သူစိတ်မှာ စွဲကုန်ရော။ အဲဒီမှာတင် တစ်ဖက်စွဲ အမြင်တွေနဲ့ အလိုလိုနေရင်း အမုန်းတရားတွေဝင်ကုန်ကြတယ်။ ဘာသိလဲ ဆိုတော့ ကိုယ်တိုင်သိလိုက်တာ ထက် သတင်းအရ မေးလ်အရ ဘယ်သူပြောတာကြားလို့၊ ဘယ်ဝဘ်ဆိုဒ်က ဖော်ပြထားလို့။ ဘယ်ဘလော့က ဘယ်လိုရေးထားတာလေ------ တဲ့။ မခက်ပေဘူးလား စာဖတ်သူရယ်။ ဘယ်သူက အတည်ပြုလဲ ဘယ်သူကမှ အတည်မပြုနိုင်ဘူး လူတွေက အဟုတ်ထင်ကုန်တယ်။ စိတ်ဓါတ်တွေကို အဆိပ်ခက်နေတာလားလို့ တောင် တစ်ခါတစ်ခါ တွေးမိပါရဲ့။

No comments: